အဲ့ဒီညမှာ…
ကောင်းကင်ကြယ်တွေမျက်လွှာမှိတ်လို့
ကိုယ်တိတ်တိတ်ကလေးငိုနေခဲ့တယ် ။
အသည်းကွဲတယ်ဆိုတာ…
ကိုယ့်အတွက်တော့
ကနေကြ ပြဇာတ်တစ်ပုဒ်ပါ ။
မေ့လိုက်တော့ … ညီမလေးရေ
ကမ္ဘာမြေပေါ်ဖြန့်ကျက်ထားတဲ့အလွမ်းတွေ
တို့ အတူတူစားသုံးရင်းနဲ့
ဝေးလိုက်ကြပါစို့ ။
ကိုယ့်ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲတွန်းချလိုက်မယ် ။
ကလေးရေ ….
သံယောဇဉ်ဆိုတာ
ရုန်းလေငြိလေ ပင့်ကူအိမ်တစ်ခုပါ ။
မင်းမျက်ဝန်းတစ်ညှို့မှာ
ကိုယ့်ပင်လယ်တိမ်းမှောက်
နှလုံးသားအိတ်အပေါက်နဲ့
ရင်ခုန်သံတွေကောက်ခဲ့မိတယ် ။
စံပါယ်ဖူးလေး
ကိုယ် … မခူးခဲ့ဘူး
ဒါပေမဲ့ …
ရူးခဲ့ရပြီကွယ် ။
ဆောင်းညများရဲ့
အဖြူရောင်ဘုရင်မလေးရေ ….
ကမ္ဘာမြေကိုထာဝရအုပ်မိုး
ကိုယ့်ရင်ကိုအိပ်မက်ဆိုးတွေမပေးပါနဲ့ ။
မာနတစ်လက်နဲ့
လောကကိုခုတ်ထစ်
အနာဂါတ်ကိုထုဆစ်ဖို့
ကိုယ်ခပ်ရဲရဲလျှောက်ခဲ့တယ် ။
မြေကမ္ဘာမှာတော့
အနီရောင်ညနေခင်းတွေ
အနောက်စပါးတောထဲနစ်မြူတ်
ပြက္ခဒိန်တစ်ရွက်ဆုတ်လိုက်ပြန်ပြီ ။
သူတို့ကိုကြည့်ပါ
ကိုယ့်ကိုကိုယ် ဆင်ခြင်ပါ
အမှန်နဲ့ အမှားကြားဗျာများရဦးးမယ် ။
ခမ်းနားမှုကိုသောက်ဖို့
ငွေဘယ်လောက်လိုမလဲ
ရာဇ၀င်မလိုဘူး
လူရာဝင်ဖို့ပဲလိုတယ်
ဒီလိုနဲ့ …
လျှပ်စီးမလက်
မုန်တိုင်းမထန်ပဲ
ကိုယ်တို့ဝေးခဲ့ကြပြီ ။
တစ်ရက် …
နှစ်ရက် …
…………..
……………
…………..
မင်း … ရက်စက်လွန်းခဲ့တယ် ။
ဘာသာမဲ့ စကားတွေနဲ့
ပြာရီထွေးဖက် …
နောက်နေ့မနက်မှာ
တို့ဝေးတော့မယ် ။
ကလေးရေ …
ခွဲပြီးတစ်နေ့
လမ်းမှာတွေ့ရင်
နှုတ်မဆက်ကြေးနော် ။
( မင်းဘေးမှာ ပိုင်ရှင်ပါရင်ပေါ့ )
ကိုယ်ကတော့ …
သမုဒယမြို့ရိုးအပြင်ဘက်
တောင်ခါးပန်းထက်မှာ
ငှက်တွေလွှတ်ရင်း ဝေနေဦးမယ် ။
မင်းမွေးတဲ့ရက်
လက်ချိုးရေတွက်
မပျက်မကွက် ဆုတောင်းနေမယ် ။
တိုက်ဆိုင်မှုမရှိပေမဲ့
တိုင်ပင်စရာတွေပေါ်တဲ့အခါ
မင်းကိုသတိရနေမယ် ။
အား …… ကို ………ကြီး .… လို့
အသံရှည်တွေ ကြားတဲ့အခါ
ညလေးတစ်ညကို
တစ်ကိုယ်တည်းဖြတ်သန်းရတဲ့အခါ
ကိုယ် … ကလေးကို သတိရနေဦးမှာပါ ။
မီးနီပြရုံနဲ့
မဖြတ်သန်းရ … ဆိုတဲ့အသိဟာ
လောကပြဇာတ်ကိုကပြရာမှာ
မလုံလောက်သေးဘူးဆိုတာ
ကိုယ် နားလည်သွားပြီ ။
မနက်ဖြန်ခါ …
ဒါမှမဟုတ်
နောင်လာမဲ့ မနက်ဖြန်မှာ
ကိုယ့်ရင်မှာလင်းမဲ့ကြယ်တစ်ပွင့်
မင်း ဖြစ်ချင်ရဲ့လား ။
နံနက်ခင်းမှာ တေးဆိုပါ
ညနေခင်းမှာ နှုတ်ဆက်ပါ
လရောင်တေးနဲ့ အိပ်ရာဝင်ပါ
မင်းရဲ့ကောင်းကင်လင်းပနိုင်ပါစေ ….
ဒါပါပဲ …
တစ်ခါတုန်းက ….
ကိုယ့်ရင်ဘတ်ထဲမှာ …
လမင်းကလေး သာခဲ့ဖူးတယ် ….
လ မင်း က လေး သာ ခဲ့ ဖူး တယ် . . . .
လ မင်း က လေး သာ ခဲ့ ဖူး တယ် . . . . ။
လင်းသော်